ရေကြီးနစ်မြုပ်စိုက်ခင်းမှ ရွှေပြန်သီးစေမယ့် နည်းလမ်း(၅) ချက်
ဥတုသုံးလီ ရာသီသုံးမျိုးရှိသည့် မြန်မာနိုင်ငံတွင် မေလနှောင်းပိုင်းမှစ၍ မိုးရာသီ ဝင်ရောက်လာသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရာသီဥတုများ ဖောက်ပြန်ပျက်စီးမှုသည် ကမ္ဘာတဝန်း ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဥတုသုံးလီ ရာသီ သုံးမျိုးစက်ဝန်းလည်း ပျက်ယွင်းခဲ့ရသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်းစသည်များ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်။ မိုးများခြင်း မိုးကြီးခြင်းများကြောင့် ရေကြီး ရေလွှမ်းခြင်းများ နိုင်ငံအဝှမ်း ကြုံတွေ့နေရသည်။ ရေကြီးရေလွှမ်းခြင်းကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ စိုက်ပျိုးမြေများလည်း ထိခိုက်ပျက်စီးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် မုတ်သုန်မိုးရာသီကာလအတွင်း မိုးကြီးကြီး ရွာသွန်းခြင်းကြောင့် သီးနှံစိုက်ပျိုးမြေနှင့် လယ်ယာမြေများ ရေကြီး နှစ်မြှုပ်မှုများစွာ ဖြစ်စေသည်။ ထို့အပြင် လယ်ယာမြေပျက်စီးဆုံးရှုံးမှုများစွာ ရင်ဆိုင် ကြုံတွေ့နေရသည်။ ရေကြီးရေလွှမ်းမိုးမှုများကြောင့် လယ်ယာမြေတွင် မြေဆီလွှာအတွင်းရှိ မမြင်နိုင်သော သက်ရှိသတ္တဝါငယ်များ၊ အဏုဇီဝသက်ရှိများ ထိခိုက်ပျက်စီးလျက်ရှိနေသည်။
မြေဆီလွှာ၏ဂေဟစနစ်ကို မညီမျှမှုဖြစ်လာပြီး စိုက်ပျိုး သီးနှံ ထုတ်လုပ်မှု ကျဆင်းလျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် မြေဆီလွှာ၏ အပေါ်ယံမြေဆီလွှာများ တိုက်စားခံရခြင်း၊ မြေကျပ်ခြင်းနှင့် ရေဝပ်ခြင်း ဖြစ်လျက်ရှိသည်။ ထို့ကြောင့် မြေဆီလွှာအတွင်းရှိ အကျိုးပြု အဏုဇီဝ သက်ရှိများ လျော့နည်းခြင်းများ ဖြစ်လျက်ရှိသည်။ ထို့အပြင် မြေသားထုအတွင်း လေပေါက်များ ပိတ်သွားခြင်းကြောင့် မြေဆီလွှာထုအတွင်း အောက်စီဂျင်များ လျော့နည်းခြင်းများ ဖြစ်လျက်ရှိသည်။ သို့အတွက် သီးနှံပင်များ၏ မြစ်စဉ်မြစ်မွှားများကို ထိခိုက်စေသည်။ ရေဝပ်ချိန် ကြာမြင့်ပါကလည်း အမြစ်များ ပုတ်ပြီး သီးနှံစိုက်ခင်းများ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ရသည်။
ရေကြီးရေလွှမ်းခြင်းကြောင့် သီးနှံစိုက်ခင်းများတွင် အာဟာရဓာတ်ကြွယ်ဝသော အပေါ်ယံမြေဆီလွှာများ တိုက်စားခံရ၍ မြေဆီဩဇာများ ဆုံးရှုံးသွားခြင်းနှင့် မြေသားဖွဲ့စည်းပုံပျက်စီးခြင်းများ ဖြစ်လျက်ရှိသည်။ မြေဆီလွှာ အမှုန်အမွှားများ ကျပ်သိပ်ခြင်းဖြစ်ကာ အမြစ်များ မြစ်စဉ်အင်အား ပွားများဖြစ်ထွန်းမှု ခက်ခဲလာသည်။ မြေကျပ်ခြင်းများ ဖြစ်ပေါ်၍ မြေသားထုအတွင်း လေပေါက်ပိတ်ခြင်းများ ဖြစ်လာသည်။ ရေဝပ်သော မြေတွင် အောက်စီဂျင်များ မရှိခြင်းကြောင့် အပင်၏ မြစ်စဉ်ပွားများဖြစ်ပေါ်မှုစနစ်နှင့် မြေဆီလွှာအတွင်းရှိ အဏုဇီဝ သက်ရှိများ ရှင်သန်ပွားများခြင်းစနစ် ပျက်စီးသွားသည်။ ထို့ကြောင့် မြေဆီလွှာမှ အနံ့အသက်ဆိုး မြေပုပ်နံ့များ ထွက်ပေါ်ခြင်းဖြစ်လာသည်။ အချို့ဒေသများ (ကမ်းရိုးတန်းဒေသများ)ရှိ လယ်ယာနှင့် သီးနှံစိုက်ပျိုးမြေများတွင် ရေကြီး ရေလွှမ်း ရေဝပ်ခြင်းကြောင့် ဆားပေါက်ခြင်း၊ ဆားများစုပုံလာခြင်းကြောင့် သီးနှံ စိုက်ပျိုးရန် ခက်ခဲသော ဆားငန်မြေများ ဖြစ်ပေါ်လာလျက်ရှိသည်။ ထိုဒေသများ၌ သီးနှံ လယ်ယာ စိုက်ပျိုးမြေများတွင် အကျိုးပြုအဏုဇီဝသက်ရှိများ ဆိုးဆိုးဝါးဝါး လျော့နည်းသွားသည့် အပြင် မြေဆီလွှာအတွင်းရှိ သေးငယ်သောသက်ရှိသတ္တဝါလေးများ ပျက်စီးသေကြေ သွားကြခြင်းကြောင့် မြေတွင်း မြေဆီလွှာ ဂေဟစနစ် ပျက်စီးသွားသည်။

မြန်မာနိုင်ငံတွင်း မိုးရာသီကာလ၌ မုတ်သုန်ရာသီမိုး နှစ်စဉ် ရွာသွန်းမြဲဖြစ်ရာ မိုးကြီး ခြင်းကြောင့် ရေကြီးရေလွှမ်းပြီး ရေကြီးနစ်မြုပ်ရေဝပ်သော သီးနှံစိုက်ခင်းနှင့် လယ်ယာ မြေများတွင် ရေကြီးရေလွှမ်းနှစ်မြုပ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်နှင့် မြေဆီလွှာ ပြန်လည်ကောင်းမွန်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လယ်ယာကဏ္ဍအတွက် အလွန်အရေးကြီးသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ရေရှည် မဟာဗျူဟာ ရေးဆွဲ၍ အောက်ပါအတိုင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည်။
၎င်းတို့မှာ
(၁) သီးနှံစိုက်ခင်းဘေးပတ်လည်တွင် ရေနုတ်မြောင်းများ၊ ရေထုတ်မြောင်းများ တူးပေးခြင်းဖြင့် ပိုလျှံမိုးရေများ လျင်မြန်ထုတ်ပစ်ရန် လိုအပ်သည်။ ပိုလျှံ မိုးရေများထုတ်ပြီးလျှင် စိုက်ခင်းကို ထယ်ခေါင်းဖြူအောင် စောင့်ပြီးနောက် ထယ်ထိုးထွန်မွေခြင်းကိုလုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့လုပ်ခြင်းဖြင့် လယ်ယာမြေများတွင် မြေဆီသြဇာ ထက်သန်စေပြီး အာဟာရဓာတ် များ ပြန်လည်ရရှိစေသည်။
(၂) ရေဝပ်သော သီးနှံ စိုက်ခင်းမြေများတွင် ဘောင်မြင့်စိုက်ပျိုးနည်းစနစ် လုပ်ဆောင်ရန် လိုအပ်သည်။
(၃) အဏုဇီဝသက်ရှိများပြန်လည်၍ လျှင်မြန်စွာရှင်သန်စေရန်နှင့် မြေသားဖွဲ့စည်း တည်ဆောက်မှု ကောင်းမွန်လာစေရန် အတွက် သဘာဝမြေဆွေးများ၊ တီကျစ်စာမြေဆွေး၊ သစ်ရွက်ခြောက်များ၊ သစ်ရွက်ဆွေး များ၊ တိရစ္ဆန်ထွက် စွန့်ပစ်ဆွေးမြည့်ပြီးသော မြေဆွေးများ ထည့်သွင်းပေးရန် လိုအပ်သည်။ အကျိုးပြုအဏုဇီဝအားဆေးရည်များကိုလည်း လယ်ယာမြေစိုက်ခင်းများအတွင်းသို့ ပြည့်ဝစွာ ထည့်သွင်းသုံးစွဲရန် လိုအပ်သည်။
(၄) မြေဆီသြဇာထက်သန်စေသည့် သစ်စိမ်းမြေသြဇာပင်များဖြစ်သော ပိုက်ဆံလျှော်၊ ပဲတီစိမ်းနှင့် ညံပင်များကို စိုက်ပျိုးသင့်သည်။ ၎င်းအပင်များ ဖြစ်ထွန်းပြီး ပန်းမပွင့်ခင် အချိန်တွင် ထယ်ထိုးမြုပ်နှံခြင်းဖြင့် သစ်ဆွေးဓာတ်များ ကြွယ်ဝစေသည့်အပြင် မြေဆီလွှာအတွင်းရှိ နိုက်ထရိုဂျင်များကိုလည်း အပင်မှ အလွယ်တကူ စုပ်ယူရရှိစေနိုင်သည်။ ၎င်းအပြင် မြေကျပ်ခြင်းများဖြစ်ခြင်းကိုလည့် လျော့နည်းသွားစေသည်။
(၅) ဇီဝမြေသြဇာရည်များ၊ သဘာဝမြေဆွေးရည်များနှင့် နွားချေး မြေဆွေးရည်များစသည့် သဘာဝအာဟာရရည်များကို ရေလွှမ်း ရေဝပ်ခံရသည့် လယ်ယာမြေများအတွင်း ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ ပြန်လည်ရှင်သန်စေခြင်း၊ မြေဆီသြဇာများ ကောင်းမွန်လာစေခြင်းနှင့် စိုက်ပျိုးသီးနှံများ မြစ်စဉ်အင်အား ကောင်းလာစေခြင်း ဖြစ်စေသည်။
ရေကြီးရေလွှမ်းပြီးနောက် လယ်ယာမြေ သီးနှံစိုက်ခင်းများတွင် အောက်ပါအတိုင်း သိပ္ပံနည်းကျ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အလေးထား၍ တိကျစွာလိုက်နာဆောင်ရွက်သင့်ပါသည်။
(၁) ပိုလျှံမိုးရေများ ထုတ်ပြီးသည့်နောက် နှစ်ပတ်အကြာ မြေတွင်းမြေဆီလွှာ အစိုဓာတ်မျှတသည့်အချိန် စောင့်ပြီး ထွန်ယက်စိုက်ပျိုးသင့်သည်။ စွတ်စိုလွန်းခြင်း/ ခြောက်သွေ့လွန်းခြင်းများဖြစ်ပါက သီးနှံမျိုးစေ့များနှင့် သီးနှံပင်၏ မြစ်စဉ်ကြီးထွားမှုကို ထိခိုက် ပျက်စီးစေနိုင်သည့်အပြင် မြေကြပ်ခြင်းများ မဖြစ်ပေါ်စေရန် အင်အားကြီးမားသည့် လယ်ထွန်စက်ကြီးများနှင့် ထွန်ယက်ခြင်းမပြုဘဲ လယ်ထွန်စက်ငယ်များ၊ နွားထယ်များဖြင့်သာ ထယ်ထိုးထွန်ယက်သင့်သည်။
(၂) ရေကြီးရေဝပ်ခံရ၍ မြေဆီလွှာ ပျက်စီးဆုံးရှုံးသွားသော လယ်ယာစိုက်ပျိုးသီးနှံမြေကြမ်းများတွင် အကြမ်းခံသော ပဲမျိုးများနှင့် သက်တမ်းတိုသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသင့်သည်။
(၃) ရေလွှမ်းမိုးမှု ပြင်းထန်စွာခံရသော စိုက်ပျိုးဧရိယာများတွင် မြေချဉ်မြေငန်များ ဖြစ်ပေါ်တတ်သည့်အတွက် ဂျစ်ပဆမ်နှင့် ထုံးများထည့်ပေးခြင်းကိုလည်း ဆောင်ရွက်သင့်သည်။
(၄) မြေဆီလွှာတိုက်စားခြင်းကို ရေရှည်တွင်ကာကွယ်နိုင်ရန်အတွက် မြေဖုံးသီးနှံပင်များ စိုက်ပျိုးခြင်းစနစ်ကို မဖြစ်မနေကျင့်သုံး ဆောင်ရွက်သင့်သည်။
(၅) သဘာဝဘေးဒဏ်ဖြစ်သော မိုးကြီးခြင်းကြောင့် ရေလွှမ်းမိုးမှု ဖြစ်စဉ်များသည် သီးနှံစိုက်ပျိုးမြေယာများအား ပျက်စီးနိုင်သော်လည်း မှန်ကန်သော စိုက်ပျိုးနည်း စနစ်ကောင်းများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် သီးနှံစိုက်ပျိုးမြေဆီလွှာများ မူလကထက်ပင် ပိုမိုကောင်းမွန်လာနိုင်ပါသည်။ ခေတ်မီတိုးတက်သော စိုက်ပျိုးရေး သိပ္ပံနည်းပညာများ၊ ဒေသန္တရ စိုက်ပျိုးရေးအသိပညာ၊ မိရိုးဖလာနည်းပညာများနှင့် ပေါင်းစပ်ပြီး ကောင်းစွာ အသုံးချ စိုက်ပျိုးခြင်းဖြင့် ရေရှည်တည်တံ့သော လယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတည်တံ့ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြေဆီသြဇာထက်သန်သောမြေကောင်းသည် လူသားထုအတွက် အာဟာရ ပြည့်ဝသော အစားအစာများ ထုတ်လုပ်ပေးနိုင်စေခြင်းနှင့် ပျော်ရွှင်ကျန်းမာသန် စွမ်းသော လူမှုအသိုက် အဝန်းများဖြစ်စေခြင်းအပြင် ရေရှည်တည်တံ့စေနိုင်သော စိုက်ပျိုးရေး အခြေခံအုတ်မြစ်ကြီးလည်း ဖြစ်သောကြောင့် ရေကြီးရေလွှမ်းခံရသော သီးနှံစိုက်ပျိုးမြေများ ထိခိုက်ပျက်စီးသော်လည်း အထက်ဖော်ပြပါ စိုက်ပျိုးရေးနည်းလမ်းကောင်းစနစ်များကို လိုက်နာဆောင်ရွက်ခြင်း ဖြင့် ရွှေသီးပေးနိုင်သည့် လယ်ယာမြေကြီးအဖြစ် ပြန်လည်ဖော်ဆောင်နိုင်မည် ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေဆီလွှာပြုပြင်ထိန်းသိမ်းရေး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
HTETMYATAUNG
လွန်ခဲ့သော ၁၁ လ ကhi
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 4 ခု
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 2 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 5 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါက်တာစန်းလှထွေး
အားလုံး
အာဟာရစုံပါဝင်သည့် တီကျစ်စာမြေဆွေး ထုတ်လုပ်နည်း
28/08/2024
ဆားပေါက်မြေတွင် သီးနှံအောင်မြင်အောင် စိုက်ပျိုးနည်း
21/08/2024
ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း
14/08/2024
သီးနှံစိုက်ခင်းများအတွက် လုံလောက်တဲ့ ရေ ရရှိဖို့ မိုးရေစုဆောင်းကြပါစို့
13/08/2024
တောင်သူတွေကို အကျိုးပြုမယ့်မြေဆီလွှာ ဆိုတာ..
06/08/2024