ကင်ဆာက မျိုးရိုးလိုက်တာလား..?
လူတစ်ယောက် မွေးဖွားလာကတည်းက သူ့မှာ ကင်ဆာဖြစ်ပွားစေနိုင်တဲ့ မျိုးဗီဇထွန်းခြင်း သို့မဟုတ် မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မွေးဖွားလာခဲ့ပြီး၊ သူဟာ တခြားသူတွေထက် ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများနေတယ်ဆိုရင် ဒါကို မျိုးရိုး လိုက်တဲ့ကင်ဆာ (hereditary cancer) လို့ ခေါ်ပါတယ်။ အဲဒီလို ကင်ဆာဖြစ်ပွားစေတဲ့ မျိုးဗီဇ ဟာ မိခင်ကရလာတာ ဖြစ်နိုင်သလို၊ ဖခင်ထံကလည်း ရလာနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ကင်ဆာကို မိသားစုကင်ဆာ (familial cancer or cancer in the family) လို့လည်း ခေါ်ကြပါတယ်။
အနီးစပ်ဆုံးပြောရရင် ကင်ဆာအားလုံးရဲ့ ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းဟာ မျိုးရိုးလိုက်တဲ့ ကင်ဆာတွေဖြစ်ပါ တယ်။ နှိုင်းယှဉ်ခြင်းအားဖြင့် ဒီရာခိုင်နှုန်းဟ နည်းနည်းလေးပါလို့ ပြောလို့ရပါတယ်။ ဒါဖြင့် ကင်ဆာဟာ မိသားစုနဲ့ ဆွေမျိုး တွေအတွင်းမှာ ရှိနေတယ်လို့ ဘယ်လိုများ သိနိုင်ပါသလဲ။ ဒါကို သိရှိနိုင်ဖို့ ချဉ်းကပ်စရာ နည်းလမ်း နှစ်ခု ရှိပါတယ်။
ဖခင်ဘက်၊ ဒါမှမဟုတ် မိခင်ဘက်၊ တစ်ဖက်ဖက်က ဆွေမျိုးတွေထဲမှာ ကင်ဆာဖြစ်ပွားသူ သိသိသာသာများနေတာမျိုး ရှိနေခြင်း၊ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်တွေမှာ ကင်ဆာဖြစ်ပွားခြင်း၊ မိသားစုဝင်တစ်ဦးဦးမှာ ကင်ဆာအကျိတ် အများအပြားရှိနေခြင်း၊ အထူးသဖြင့် တစ်နေရာတည်းမှာ ကင်ဆာကျိတ် အများအပြားရှိနေခြင်း။
မျိုးရိုးလိုက်တဲ့ ကင်ဆာတွေအတွက် မျိုးဗီဇစစ်ဆေးမှု
မျိုးရိုးလိုက်တဲ့ကင်ဆာကို မျိုးဗီဇစစ်ဆေးမှုတွေကတဆင့် ရှာဖွေတွေ့ရှိရတာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ မျိုးဗီဇ၊ ခရိုမိုဇုမ်း နဲ့ ပရိုတင်းတွေကို ဆန်းသပ်စစ်ဆေးရတာ ဖြစ်ပါတယ်။ မျိုးဗီဇ စစ်ဆေးမှုကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ အောက်မှာ ဖော်ပြထားတာတွေပဲ ဖြစ်ပါတယ်။
- ကင်ဆာဖြစ်လာနိုင်ချေကို ကြိုတင်ခန့်မှန်းထားနိုင်ပါတယ်။
- ရောဂါမဖြစ်ပေမယ့် ရောဂါကို သယ်ဆောင်ထားပြီး ကင်ဆာမျိုးရိုးကို လက်ဆင့်ကမ်းပေးနေသူ (carriers) တွေကို ရှာဖွေဖော်ထုတ်နိုင်မယ်။
- ရောဂါကို ရှာဖွေဖော်ထုတ်နိုင်မယ်။
- ရောဂါဖြစ်ပွားတဲ့အခါ ဖြစ်လာနိုင်ချေတွေကို ကြိုတင်တွက်ဆနိုင်မယ်။
မျိုးဗီဇစစ်ဆေးမှုပြုလုပ်ဖို့အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ သွေးနမူနာ၊ ဒါမှမဟုတ် မျိုးဗီဇပစ္စည်း (genetic materi-al) တွေ ပါဝင်တဲ့ တစ်သျှူး နမူနာ (ဥပမာ ပါးမှာရှိတဲ့ တစ်သျှူး) တွေကို ရယူပြီး စမ်းသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။ ရင်သား ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ အပါအဝင် အခြား ကင်ဆာအမျိုးအစား များစွာအတွက် မျိုး ဗီဇစမ်းသပ်စစ်ဆေးမှုပေါင်း ၉၀၀ ကျော်ကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
မိသားစုရဲ့ ကင်ဆာရာဇဝင်က ဘာတွေကို ဖော်ပြပေးနိုင်သလဲ။
မိမိရဲ့ မိသားစုမှာ ကင်ဆာရောဂါ ရာဇဝင်ရှိခဲ့ရင် အဲဒီရာဇဝင်ကို ဆရာဝန်က သိရှိခြင်းအားဖြင့် အောက်ပါအချက် တွေကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
မိမိကိုယ်တိုင်၊ ဒါမှမဟုတ် မိမိရဲ့ မိသားစုဝင် တစ်ယောက်ယောက်ဟာ genetic counseling လုပ်ဆောင် ခြင်းဖြင့် အကျိုးရှိ၊ မရှိ ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ genetic counseling ဆိုတာကတော့ မျိုးရိုးလိုက်တဲ့ ကင်ဆာရောဂါရဲ့ အန္တရာယ်တွေ၊ မျိုးဗီဇစစ်ဆေးမှုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့ မျိုးဗီဇစစ်ဆေးမှုမှာ ရှိနေ တဲ့ ကန့်သတ်ချက်တွေအကြောင်းကို အထူးပြုပြီး နှစ်သိမ့်ဆွေးနွေးပညာပေးတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။
မိမိကိုယ်တိုင်၊ ဒါမှမဟုတ် မိမိရဲ့ မိသားစုဝင် တစ်ယောက်ယောက်ဟာ လိုအပ်မယ်ဆိုရင် မျိုးဗီဇစစ်ဆေးမှု ကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ပေးနိုင်ပါတယ်။
တကယ်လို့ မျိုးဗီဇစစ်ဆေးမှု ပြုလုပ်စရာ မလိုအပ်ဘူးဆိုရင်တောင် မိမိဟာ အခြားသော ကင်ဆာမျိုးရိုး မရှိ သူတွေထက် ပိုပြီး ကင်ဆာနဲ့ပတ်သက်လို့ ဂရုစိုက်နေထိုင်ရမယ်၊ ဂရုစိုက်စစ်ဆေးမှုတွေဆောင်ရွက်ရမယ်ဆို တာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
စုဆောင်းရမည့် အချက်အလက်များ
ဆရာဝန်တွေအနေနဲ့ ကင်ဆာမျိုးရိုး ဟုတ်၊ မဟုတ် လေ့လာဆန်းစစ်ဖို့ လူနာထံကနေ အချက်အလက်တွေကို သေချာပေါက် လိုအပ်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ဆွေမျိုးအရင်းအခြာ (first-degree relatives) တွေဖြစ်တဲ့ မိဘ၊ သား သမီး နဲ့ ညီအစ်ကိုမောင်နှမ အရင်းတွေရဲ့ အချက်အလက်တွေကို လိုအပ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ တစ်ဝမ်းကွဲနဲ့ မျိုး ဆက် တစ်ဆက်ခြား ဆွေမျိုးတွေ (second-degree relatives) တွေဖြစ်တဲ့ အဖိုး၊ အဖွားတွေ၊ ဦးလေး၊ အဒေါ်တွေ၊ တစ်ဝမ်း ကွဲ ညီအစ်ကို မောင်နှမ တွေရဲ့ အချက်အလက်တွေကို လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ယောက်မှာ ကင်ဆာ ဖြစ်ပွားခဲ့ဖူးတာကို တွေ့ရှိရရင်တော့ အဲဒီ ကင်ဆာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသေးစိတ် ထပ်မံစုဆောင်း ရယူ ရမှာဖြစ်ပါတယ်။
ပါဝင်သင့်တဲ့အချက်အလက်တွေကတော့
- ဖြစ်ပွားခဲ့တဲ့ ကင်ဆာအမျိုးအစား
- ရောဂါဖြစ်ပွားကြောင်း စမ်းသပ်စစ်ဆေးတွေ့ရှိတဲ့ အသက်အရွယ်
- ဖြစ်ပွားခဲ့တဲ့မျိုးရိုးဘက် (အမေ့ဘက်က ဆွေမျိုးလား၊ အဖေ့ဘက်က ဆွေမျိုးလား)
- လူမျိုး
- မျိုးဗီဇ စစ်ဆေးမှု ပြုလုပ်ခဲ့ရင် စစ်ဆေးချက် ရလဒ်
ဒီနေရာမှာ သတိထားဖို့တစ်ချက်ကတော့ မိမိအနေနဲ့ မိမိရဲ့ ဆွေမျိုးတွေထံကို သူတို့ရဲ့ ကျန်းမာရေးရာဇဝင် ကို မေးမြန်းရာမှာ သူတို့ရဲ့ အတွင်းရေးကို မေးမြန်းရတာမို့ အခက်အခဲရှိနိုင်တယ် ဆိုတဲ့အချက်ပါ။ သူတို့ကို မေးခွန်းတွေ ကြိုတင် ပေးပို့ထားဖို့ လိုအပ်သလို၊ သူတို့ဆီက ရရှိတဲ့ အချက်အလက်တွေဟာ သေးသေးလေးဖြစ်ပါစေ၊ မိမိရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးကြောင်း သေသေချာချာ ရှင်းပြထားဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် အေးအေးဆေးဆေး စိတ်အနှောက်အ ယှက်မရှိဘဲ အချိန်ယူပြီး စကားစမြည်ပြောကြည့်ဖို့ လိုအပ်ပါတယ်။ 
မိသားစုရဲ့ ကင်ဆာရာဇဝင်ကို ဘယ်အချိန်မှာ ဆရာဝန်ထံ ပြသသင့်သလဲ။
မိမိအနေနဲ့ ကင်ဆာရောဂါဖြစ်ပွားကြောင်း စမ်းသပ်စစ်ဆေးတွေ့ရှိပြီး မကြာခင်မှာ ဆရာဝန်ကို မိသားစုရဲ့ ကင်ဆာရာဇဝင်ကို ပြောပြဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကုသမှု မစတင်မီမှာ ဆရာဝန်က အဲဒီရာဇဝင်ကို သိရှိထားရမှာ ဖြစ်ပါ တယ်။ အချက်အလက်အသစ်တွေ ထပ်ရခဲ့တယ်၊ ဒါမှမဟုတ် ပြောင်းလဲတယ်ဆိုရင်လည်း ဆရာဝန်ကို ချက်ချင်း အသိပေးဖို့ လိုအပ်ပါတယ်။ ဆေးပညာက နေ့စဉ်တိုးတက်နေတာမို့ မိမိရဲ့ ကင်ဆာရာဇဝင်အပေါ် ဆရာဝန်တွေရဲ့ ကောက်ချက်ချပုံတွေ ကလည်း ပြောင်းလဲနေနိုင်ပါတယ်။ ပထမအဆင့် ကင်ဆာကုထုံး ကုသမှုခံယူပြီးတဲ့နောက်၊ ကုသမှုပြီးဆုံးပြီးနောက် နဲ့ ကုသမှု ပြီးဆုံးလို့ ကင်ဆာရောဂါက လွတ်မြောက်ရှင်သန်လာပြီးတဲ့အခါ ဆရာဝန်နဲ့ ရက်ချိန်းပြန်ပြရတဲ့အခါမှာ မိသားစုရဲ့ ကင်ဆာရာဇဝင်ကို ပြန်လည်သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။
မိသားစုရဲ့ ကင်ဆာရာဇဝင်ကို ဘယ်လို စုဆောင်းရယူမလဲ၊ ဘယ်လိုမျှဝေမလဲ။
မိသားစုရဲ့ ကင်ဆာရာဇဝင်ကို စုဆောင်းရယူနိုင်မယ့် နည်းလမ်းတစ်ခုကတော့ အမေရိကန်ပြည်ထောင်စု ကင်ဆာ ဆရာဝန်အသင်း (American Society of Clinical Oncology - ASCO) က အကြံပြုထုတ်ဝေထားတဲ့ မိသားစုအတွင်း ကင် ဆာရောဂါ ဖြစ်ပွားမှုရာဇဝင်မေးခွန်းလွှာ (Family Cancer History questionnaire) ကို အသုံးပြု မေးမြန်းဖို့ပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ အဲဒီ မေးခွန်းလွှာပါ မေးခွန်းတွေကို မိမိကိုယ်တိုင် တတ်နိုင်သမျှ ကြိုးစားဖြေဆိုပြီး၊ နောက်တစ်ကြိမ် ဆရာဝန်ထံ သွားတဲ့အခါ ယူသွားပြပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာ အဲဒီမေးခွန်းလွှာတွေကို မိမိရဲ့ ဆွေမျိုးရင်းတွေထံ ပေး ပို့ပြီး ဖြေဆိုကြည့်ဖို့နဲ့၊ ဖြေဆိုပြီးနောက် သူတို့ရဲ့ ဆရာဝန်ထံ ပြသပြီး ဆွေးနွေးဖို့ အကြံပေးသင့်ပါတယ်။ သတိပြုဖို့ကတော့ ဆွေမျိုးတချို့ဟာ ဒီလို တိုက်တွန်းအကြံပေးတာကို လက်မခံတာမျိုး ဖြစ်နိုင်ပါတယ်။ တချို့က ဒီအချက်အလက်တွေရဲ့ တန်ဖိုးကို နားမလည်တာမျိုး ဖြစ်နိုင်ပါတယ်။
ဆရာဝန်တွေထံ မေးမြန်းသင့်တဲ့ မေးခွန်းတွေ
မိမိ မိသားစုရဲ့ ကင်ဆာရာဇဝင်ကို ဆရာဝန်ထံ ပြသကြည့်လို့ ဆရာဝန်က မိမိမှာ မျိုးရိုးလိုက်တဲ့ကင်ဆာ ဖြစ်နိုင် ချေရှိတယ်လို့ သံသယဖြစ်တယ်ဆိုရင် ဒါက ဘာကို ဆိုလိုတာလဲ၊ နောက်တဆင့် ဘာတွေဖြစ်လာနိုင်သလဲ စတာတွေကို သိ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို သိရှိနိုင်ဖို့ ဆရာဝန်ထံ မေးမြန်းသင့်တဲ့ အချက်တွေကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။
မိသားစုရာဇဝင်အရ မိမိမှာ အခြားသောကင်ဆာ တစ်ခုခု ဖြစ်ဖို့ ရှိနေသလား။
မျိုးဗီဇစစ်ဆေးမှုရဲ့ ရည်ရွယ်ချက်က ဘာလဲ။
မိမိအနေနဲ့ မျိုးဗီဇ စစ်ဆေးမှုနဲ့ မျိုးဗီဇဆိုင်ရာ နှစ်သိမ့်ပညာပေးဆွေးနွေးမှု တွေ ခံယူဖို့ အကြံပြုလိုပါသလား။
မျိုးဗီဇဆိုင်ရာ နှစ်သိမ့်ပညာပေးသူ တစ်ယောက်ယောက်ကိုများ ညွှန်းပေးနိုင်မလား၊ ဒါမှမဟုတ် နည်းလမ်း ပေးနိုင်ပါသလား။
မျိုးဗီဇစစ်ဆေးမှုရလဒ်အပေါ်မူတည်ပြီး ကုသမှုအပိုင်းမှာ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်လာမှာလား။
မိမိရဲ့ကျန်းမာရေးအာမခံက မျိုးဗီဇစစ်ဆေးမှုနဲ့ မျိုးဗီဇဆိုင်ရာ နှစ်သိမ့်ပညာပေးဆွေးနွေးမှုတွေအတွက် အကျုံးဝင်ပါသလား။
မျိုးဗီဇ စစ်ဆေးမှု ရလဒ်တွေကို လုံခြုံအောင် လျှို့ဝှက်ပေးထားမှာလား။
မိမိရဲ့ အခြားမိသားစုဝင် တစ်ယောက်ယောက်မှာရော ကင်ဆာအန္တရာယ် ရှိနေသလား။
မျိုးဗီဇထွန်းခြင်း ကို အမွေဆက်ခံရယူထားသူ တစ်ယောက်ဟာ သေချာပေါက် ကင်ဆာဖြစ်လာနိုင်သလား။
အခြားမိသားစုဝင်တွေ၊ ဆွေမျိုးတွေကို ဘယ်အချက်အလက်တွေ မျှဝေပေးသင့်သလဲ။
ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီး အကြံပေးချင်တာ ဘာရှိပါသလဲစတာတွေပဲ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Khaing Kyi Thit
အားလုံး