ခေတ်စားလာတဲ့ eco printing လုပ်ငန်း
Eco printing ဆိုတာ သဘာဝချည်ထည်တွေပေါ်မှာ သဘာဝကရတဲ့အရွက်တွေ အပွင့်တွေကိုရိုက်နှိပ်ပုံဖော်တာဖြစ်ပါတယ်။ မတိုးတက်သေးတဲ့ အရင်ခေတ်များစွာမှာ သဘာဝကရတဲ့ ချည်ထည်တွေကို သဘာဝဆိုးဆေးတွေသာဆိုးပြီး ဝတ်ဆင်ခဲ့ကြရပါတယ်။ ခေတ်ရေစီးကြောင်းတစ်ကြော့ပြန်လည်လာတဲ့ခေတ်မှာ eco print အထည်တွေကို အမြတ်တနိုး ပြန်လည်ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။ Eco printing လုပ်ထားတဲ့အစတွေကို အဝတ်အထည်တွေမှာလည်းသုံးသလို မာဖလာများ၊ ခန်းဆီးများအနေနဲ့လည်း သုံးနိုင်ပါတယ်။ 
Eco printing နည်းမျိုးစုံရှိတဲ့ထဲမှာ အလွယ်ဆုံးနည်းက တူနဲ့ အရွက်တွေကို ချည်ထည်တွေပေါ်ထုပြီး ပုံဖော်တာဖြစ်ပါတယ်။ အပွင့်တွေထက် အရွက်တွေကိုအသုံးပြုပါက ပိုမိုစွဲမြဲတတ်တာမို့ ပွင့်ဖတ်တွေကို အနည်းငယ်ပဲသုံးဖို့အကြံပြုပါတယ်။ ဩဇာရွက်၊ ဧကရာဇ်ရွက်၊ တမာရွက်၊ ပေါက်ပန်းဖြူရွက်၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ သပြေရွက်၊ စွယ်တော်ရွက်၊ ဂန္ဓမာရွက်၊ မေမြို့ပန်းရွက် စသည့်အရွက်များအပြင် မိုးရာသီတွင် အုတ်နံရံပေါ်ပေါက်သသည့် ကျောက်ခက်ပန်းခိုင်များ၊ အလှဆင်ရာတွင်သုံးသော ငါးမြီးရိုးခိုင်များကို သုံးနိုင်ပါတယ်။ သရက်ရွက်ကဲ့သို့ မာသောအရွက်များမှာ အရည်ထွက်မှုနည်းပါသည်။ အပွင့်တွင်မူ အောင်မဲညိုပွင့်၊ နှင်းဆီပွင့်၊ ဂန္ဓမာပွင့်ဖတ်၊ တရုတ်စကားပွင့်အနီများ၊ ကုလားပန်းပွင့်များသုံးကြပါသည်။ အပွင့်လိုက် ရိုးတံဖြုတ်၍ဖြစ်စေ၊ ပွင့်ချပ်များတစ်ခုချင်းဖြုတ်၍ဖြစ်စေ သုံးနိုင်ပါသည်။ အရွက်နုကိုမသုံးရဘဲ အရွက်ရင့်သုံးမှသာ အရည်ထွက်မည်ဖြစ်ပါသည်။ အရွက်များကိုလည်း မိမိနှစ်သက်သလိုပုံစံညှပ်၍ သုံးနိုင်ပါသည်။
ပထမဦးစွာ မိမိရိုက်နှိပ်လိုသော ချည်စကို ပဲနို့တစ်ဆ ရေလေးဆရောထားသော အရောတွင်တစ်ညစိမ်ပြီးနောက် ရေညှစ်ကာ လှန်းပြီး ခြောက်သောအခါ ထိုနည်းအတိုင်း သုံးကြိမ်စိမ်ပေးရပါမည်။ ထို့နောက် ထိုအစပေါ်တွင် မိမိရိုက်နှိပ်လိုသည့် အရွက်နှင့် အပွင့်များကို ကြိုက်ရာပုံစံ ခင်းကျင်း၍ အပေါ်မှ ပလတ်စတစ်စ သို့မဟုတ် ချည်စအပါးဖုံးကာ တူနှင့်ထုရပါမည်။ အောက်ခံသစ်သားပြားထားရပါမည်။ တူထုရာတွင် အောက်ဘက်ရှိအရွက်များ နေရာမရွေ့စေရန် သတိပြုရပါမည်။ အရွက်အရာများ တဖြည်းဖြည်းထင်လာပြီး အရွက်ကြောများပေါ်လာသည်အထိစိတ်ရှည်ရှည်ထုပေးရပါမည်။ တစ်ရွက် သို့ တစ်ခက်ပုံပေါ်လာမှသာ နောက်တစ်ခုသို့ပြောင်းထုရပါမည်။ ရိုက်နှိပ်ပြီးပါက အပေါ်ယံအဝတ်ပါးကိုခွာ၍ အောက်မှချည်စကို ခြောက်အောင်ထားပေးရပါမည်။ ခြောက်မှသာ အရွက်များ ခွာရပိုလွယ်ပါမည်။ ထို့နောက် ထိုအစကို ရှာလကာရည်တွင် တစ်နာရီခန့်စိမ်ကာ ဆပ်ပြာအပျော့စားဖြင့် လျှော်ပေးရပါမည်။
Eco print ထည်များသည် သဘာဝအတိုင်း သစ်ရွက်စိမ်းနံ့သင်းပျံ့ကာ နူးညံ့သိမ်မွေ့သောအသွင်ကို ဆောင်ပါသည်။ မိမိတန်ဖိုးထားရသောသူအတွက် ကိုယ်တိုင်ရိုက်နှိပ်ကာ လက်ဆောင်ပေးနိုင်ပါသည်။ စက်ရိုက်ထည်များကဲ့သို့ အကြမ်းမခံသည့်အတွက် ကြိမ်ဖန်များစွာ လျှော်ဖွတ်ခြင်းမပြုရပါ။ ဆပ်ပြာမှုန့်မသုံးရပါ။ Eco print ထည်များသည် ကာလကြာသော် အရွက်များအရောင်သည် အပင်ရှိအရွက်များအတိုင်း အရောင်မှိန်လာနိုင်ပါသည်။ သို့သော် သဘာဝမှရသော အရွက်နှင့် အပွင့်များကိုသုံးထားပြီး ကိုယ်တိုင် အမြတ်တနိုးရိုက်နှိပ်ထားသည့် အထည်ဖြစ်သောကြောင့် တန်ဖိုးဖြတ်၍မရပါ။ သင်တို့သည် သဘာဝကို ချစ်သောစိတ်ရှိလျှင် သဘာဝလက်ဆောင်ဖြစ်သော eco print ထည်များကိုလည်း ချစ်မြတ်နိုးမည်မှာ မလွဲဖြစ်ပါသည်။
Moe Moe
လွန်ခဲ့သော ၂ နှစ် က"ရိုက်နှိပ်လိုသော ချည်စကို ပဲနို့တစ်ဆ ရေလေးဆရောထားသော အရောတွင်တစ်ညစိမ်" ရခြင်း၏ ရည်ရွယ်ချက်ကို သိခြင်ပါတယ်။
Wai Linn Shein
လွန်ခဲ့သော ၄ နှစ် ကEco printing ကို ချည်စမဟုတ်ဘဲ T-shirt ပေါ်မှာ စမ်းကြည့်တာ အဆင်ပြေပြေနဲ့ဘဲအောင်မြင်သွားပါတယ်။ ကာလာအထွက်လဲစိုပြီး လှတယ်။ လုပ်ရတာလဲ ရိုးရှင်းတယ်။ ဆောင်းပါးရှင်ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ 🙆♂️💙💙
ဆက်စပ်မေးခွန်းများ
ပိုးသတ်ဆေးနဲ့အားဆေးအတူပတ်ရလားဆရာခဗျ
အောင်အောင် • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ 24d ပေါင်းသတ်ဆေးဂျုံခင်းမှာဖြန်းချင်လို့ပါဂျုံနှံလေးတွေထွက်နေပြီမို့ဖြန်းလို့အဆင်ပြေနိုင်မလားခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
တီကောင်မွေးမြူရေးနည်းပညာနှင့် တီကောင်မျိုးရနိုင်မည့်နေရာ၊ ဈေးနှုန်းများသိချင်ပါတယ်။
Chan Nyein Moe • ဖြေကြားချက် 1 ခု
ဆရာပျိုးထောင်ပြီးပြန်စုက်တဲ့စပါးတွေကခုလိုဝါနေတယ်ဆရာဘယ်လိုပြန်လိုက်ရမလဲအကြုံပြုပါအုံး
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 2 ခု
ဘိုကာရှီနဲ့အာမို15ပတ်လည်နှပ်ထားတဲ့ထဲကိုထရိုင်ကိုဒါးမားပါရောထည့်လို့ရလားဗျ။သိချင်လို့ပါ
ko paing • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ
15/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
More from စုမြတ်မြတ်မိုး
အားလုံး