စိုက်ပျိုးသုတ အောက်တိုဘာလ
အောက်တိုဘာလသည် မိုးစပါးသီးနှံများ အပင်ပြုစုစောင့်ရှောက်ရမည့်အချိန်နှင့် ရင့်မှည့်လာသည့် စပါးခင်းများကို အချိန်မီရိတ်သိမ်းရမည့်အချိန်ဖြစ်သကဲ့သို့ မိုးသီးနှံများ ရိတ်သိမ်းပြီးနောက် ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးရန် ပြင်ဆင်ရမည့်အချိန်လည်း ဖြစ်ပါသည်။
ထို့ကြောင့် တောင်သူလယ်သမားများအနေဖြင့် မိုးစပါးအထွက်ကောင်းမွန်ရေး၊ ရိတ်သိမ်း ချွေလှေ့ရာတွင် အလေအလွင့်နည်းပါးရေးနှင့် ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးတို့ကို တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်ရန် ဖြစ်ပါသည်။
မိုးစပါးအတွက် အထွက်မိတ်ဖက်များ
စပါးအထွက်နှုန်းကောင်းမွန်ရေးတွင် အထွက်မိတ်ဖက် (Yield Components) လေးချက်သည် အရေးကြီးပါသည်။ ယင်းတို့မှာ
၁။ တစ်ယူနစ်ဧရိယာအတွင်းရှိစပါးနှံအရေအတွက်
၂။ စပါးတစ်နှံတွင်ပါဝင်သည့်အစေ့အရေအတွက်
၃။ အောင်မြင်ရင့်မှည့်သည့်စပါးစေ့ရာခိုင်နှုန်း
၄။ အစေ့ ၁၀၀၀ ၏ အလေးချိန်တို့ ဖြစ်ပါသည်။
အဆိုပါအထွက်မိတ်ဖက်လေးချက် ကောင်းမွန်မှသာ စပါးအထွက်နှုန်းကောင်းမွန်မည်ဖြစ်သဖြင့် စပါးစိုက်တောင်သူတိုင်းအနေဖြင့် အပင်ကြီးထွားမှုအဆင့်အလိုက် မည်သည့်အချက်ကို အလေးထားဆောင်ရွက်ရန်လိုသည်ကို သုံးသပ်နိုင်ရန် ထပ်မံအသိပေးလိုပါသည်။
စပါးပင်၏ ကြီးထွားမှုကာလ သုံးဆင့်
စပါးပင်၏ ကြီးထွားမှုကာလကို အဓိကအားဖြင့် သုံးဆင့်ခွဲနိုင်ပါသည်။
(၁) ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase)
(၂) မျိုးပွားပိုင်းကြီးထွားသည့်ကာလ (Reproductive Phase)
(၃) ရင့်မှည့်သည့်ကာလ (Ripening Phase) တို့ဖြစ်ကြောင်း ထပ်မံအသိပေးလိုပါသည်။
မုတ်သုံမိုးရွာသွန်းမှုအခြေအနေအရ စပါးစိုက်ပျိုးချိန်သည် ဒေသအလိုက် ကွာခြားကြပါသည်။ ယေဘုယျအားဖြင့် တောင်ပိုင်းဒေသများမှ စတင်၍ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသများ သို့ တဖြည်းဖြည်း စိုက်ပျိုးကြပါသည်။ ထို့ကြောင့် အောက်တိုဘာလတွင် မိုးစပါးစိုက်ခင်းများ သည် ကြီးထွားမှုအဆင့် မတူညီနိုင်ပါ။
သို့သော် မိုးစပါးစိုက်ဧရိယာအများစုသည် ယခုကာလတွင် မျိုးပွားပိုင်းကြီးထွားသည့် ကာလ သို့မဟုတ် ရင့်မှည့်သည့်ကာလသို့ ရောက်ရှိနေကြမည်ဖြစ်ရာ အဆိုပါကာလများတွင် အထူးဂရုပြု ပြုစုစောင့်ရှောက်ရန် လိုအပ်သည်များကို ဖေါ်ပြလိုပါသည်။
မျိုးပွားပိုင်းကာလ
မျိုးပွားပိုင်းကြီးထွားသည့်ကာလ (Reproductive Phase)သည် စပါးတစ်နှံတွင်ပါဝင်မည့် အစေ့အရေအတွက်ကို အဆုံးအဖြတ်ပေးသည့် အရေးကြီးသောကာလဖြစ်ပါသည်။
တစ်နှံတွင် အစေ့အရေအတွက်များလေ၊ အခြားအထွက်မိတ်ဖက်များကောင်းမွန်ပါက တစ်ဧကအထွက်နှုန်းကောင်းမွန်ရန် အခွင့်အလမ်းများလေ ဖြစ်ပါသည်။ ထို့ကြောင့် ယခုကာလ တွင် စပါးပင်၏ ကြီးထွားဖွံ့ဖြိုးမှုကောင်းမွန်စေရေး၊ အာဟာရနှင့် ရေထိန်းသိမ်းမှုမှန်ကန်စေရေးတို့ကို အထူးဂရုပြုသင့်ပါသည်။
ရင့်မှည့်ချိန်ရှိစပါးခင်းများ
စိုက်ချိန်စောသော စပါးခင်းအချို့သည် အောက်တိုဘာလတွင် ရင့်မှည့်သည့်ကာလ (Ripening Phase) သို့ပင် ရောက်ရှိနေပြီ ဖြစ်နိုင်ပါသည်။
ဤကာလသည်
အောင်မြင်ရင့်မှည့်သည့် စပါးစေ့ရာခိုင်နှုန်း မြင့်မားလာရေး၊
အစေ့ ၁၀၀၀ အလေးချိန် ကောင်းမွန်လာရေးတို့အတွက် အရေးကြီးသည့်ကာလဖြစ်ပါသည်။
ထို့ကြောင့် ရိတ်သိမ်းခါနီး စပါးခင်းများကို ရေထုတ်ရန်လစ်ဟင်းခြင်း၊ ရောဂါနှင့် ပိုးမွှားများ ကျရောက်နေခြင်း၊ ရိတ်သိမ်းမှုနောက်ကျခြင်းတို့ကြောင့် အထွက်မိတ်ဖက်များ ထိခိုက် မသွားစေရန် အထူးဂရုပြုသင့်ပါသည်။
စပါးရင့်မှည့်၍ ရိတ်သိမ်းရန်အချိန်ရောက်လာပါက အချိန်မီ ရိတ်သိမ်းခြင်းသည် အလွန်အရေးကြီးပါသည်။
စပါးအနှံများရှိ စပါးစေ့များ၏ ခန့်မှန်းခြေအားဖြင့် ၈၀ မှ ၈၅ ရာခိုင်နှုန်းခန့် ကောက်ရိုးရောင်ပြောင်းလာချိန်တွင် ရိတ်သိမ်းရန် သင့်တော်ပါသည်။ ရိတ်သိမ်းပြီးပါကလည်း ကြာရှည်စွာ မထားဘဲ အချိန်မီ ချွေလှေ့ခြင်း၊ သန့်စင်ခြင်းနှင့် အခြောက်ခံခြင်းတို့ကို ဆက်လက် ဆောင်ရွက်သင့်ပါသည်။
ယနေ့အချိန်တွင် ဒေသအများစု၌ ရိတ်သိမ်းချွေလှေ့စက်ကြီးများ အသုံးပြု၍ စပါးရိတ်သိမ်း နိုင်လာခြင်းသည် တောင်သူများအတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်ပါသည်။ စက်ယန္တရားများကို စနစ်တကျအသုံးပြုခြင်းဖြင့် ရိတ်သိမ်းချိန်၊ ချွေလှေ့ချိန်နှင့် သယ်ယူပို့ဆောင်ချိန်များတွင် ဖြစ်ပေါ်နိုင်သည့် အလေအလွင့်များကို လျှော့ချနိုင်ပါသည်။
အလေအလွင့်ကို လျှော့ချခြင်းသည်လည်း စပါးအထွက်တိုးစေသည့် နည်းလမ်းတစ်ရပ်ပင် ဖြစ်ပါသည်။
အောက်တိုဘာလအတွင်း အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သေးသဖြင့် ရိတ်သိမ်းရန်နီးကပ်နေသည့် စပါးခင်းများကို ကြိုတင်စီစဉ်ထားပြီး ရိတ်သိမ်းစက်၊ သယ်ယူပို့ဆောင်ရေးနှင့် စပါးခြောက်ခံရန်နေရာတို့ကို အဆင်သင့်ပြင်ဆင်ထားသင့်ပါသည်။

မျိုးသန့်စပါးခင်း မျိုးကွဲနှုတ်ပယ်ခြင်း
အကျိုးဆောင်တောင်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုးထားသည့် စပါးခင်းများတွင် မျိုးကွဲနှုတ်ပယ်ခြင်း (Roguing) လုပ်ငန်းသည် အလွန်အရေး ကြီးပါသည်။
စပါးခင်းထဲတွင် မိမိစိုက်ပျိုးထားသည့် မျိုးနှင့်မတူသော စပါးပင်များ ပါဝင်လာနိုင် ပါသည်။ ယင်းတို့သည် မျိုးကွဲများဖြစ်သဖြင့် မျိုးသန့်စင်မှုကို ထိခိုက်စေနိုင်ပါသည်။
မျိုးကွဲများကို အနှံထွက်လာမှသာ ရှာဖွေနှုတ်ပယ်ရန် မလုံလောက်ပါ။ ပင်ပွားအများဆုံး ထွက်ချိန်မှစ၍ အဆင့်ဆင့် စစ်ဆေးနှုတ်ပယ်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့်—
အပင်အရပ်အနိမ့်အမြင့် မတူခြင်း၊
ပင်စည်စုထောင်မှု သို့မဟုတ် ပြန့်ကားမှု မတူခြင်း၊
အရွက်အလျား၊ အကျယ် မတူခြင်း၊
ပင်စည်မှ အရွက်ထွက်သည့်ထောင့် မတူခြင်း၊
အပင်ကြီးထွားဖွံ့ဖြိုးမှုပုံစံ မတူခြင်းစသည့် လက္ခဏာများကို စောစောစီးစီး သတိပြု၍ မျိုးကွဲအပင်များကို နှုတ်ပယ်သင့်ပါသည်။
ထို့အပြင် ပန်းပွင့်ချိန်မှ ရိတ်သိမ်းချိန်မတိုင်မီအထိလည်း မိမိစိုက်ပျိုးထားသည့် မျိုးနှင့်မတူ သော အနှံများ၊ ရောဂါကျရောက်နေသော အပင်များနှင့် အနှံများကို စနစ်တကျ ရှာဖွေ နှုတ်ပယ်ရပါမည်။
မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်လိုလျှင် မျိုးကွဲနှုတ်ပယ်ခြင်းကို တစ်ကြိမ်လုပ်ပြီး ပြီးဆုံးသည့်လုပ်ငန်းဟု မယူဆဘဲ အကြိမ်ကြိမ် စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဆောင်းသီးနှံ အချိန်မီစိုက်ရန်
အောက်တိုဘာလသည် မိုးစပါးရိတ်သိမ်းရေးသာမက ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် လည်း အရေးကြီးသောလ ဖြစ်ပါသည်။
ယာမြေများတွင် မိုးသီးနှံများ ရိတ်သိမ်းပြီးနောက် ဆောင်းသီးနှံကို ဆက်လက်စိုက်ပျိုးနိုင်သကဲ့သို့ လယ်မြေများတွင်လည်း မိုးစပါးရိတ်သိမ်းပြီးနောက် သင့်လျော်သော ဆောင်းသီးနှံများကို အချိန်မီ စိုက်ပျိုးနိုင်ပါသည်။
ယနေ့စိုက်ပျိုးရေးတွင် ရရှိနိုင်သော မြေ၊ ရေ၊ လုပ်သားနှင့် အချိန်အရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး တစ်သီးစားထက်နှစ်သီး၊ နှစ်သီးထက်သုံးသီးစိုက်ပျိုးနိုင်ရန် အခြေအနေ ရှိသည့်နေရာများတွင် သီးနှံပုံစံချမှတ်စိုက်ပျိုးရန် ဖြစ်ပါသည်။
အထူးသဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက် မြေတွင်းအစိုဓာတ် မဆုတ်ယုတ်မီ ဆောင်းသီးနှံ ကို အချိန်မီစိုက်ပျိုးနိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
မည်သည့်ဆောင်းသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ မျိုးကောင်းမျိုးသန့် အသုံးပြုရန် အရေးကြီးပါသည်။
မျိုးရွေးချယ်ရာတွင်
၁။ မိမိဒေသ၏ ရာသီဥတု၊ မြေအမျိုးအစားနှင့် ကိုက်ညီသောမျိုးဖြစ်ရန်၊
၂။ သက်လျင်ပြီး အထွက်ကောင်းသောမျိုးဖြစ်ရန်၊
၃။ စျေးကွက်ဝယ်လိုအားရှိသော သီးနှံမျိုးဖြစ်ရန်၊
၄။ အပင်ပေါက်ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းနှင့်အထက် ရှိသော မျိုးစေ့ဖြစ်ရန်တို့ကို အလေးထားသင့်ပါသည်။
ဆောင်းသီးနှံစိုက်ပျိုးရာတွင် မြေသားဖွဲ့စည်းပုံ၊ မြေအစိုဓာတ်နှင့် လက်ရှိမြေအခြေအနေ တို့ကို ကြည့်၍ ထွန်ရေးစနစ်ကို ရွေးချယ်သင့်ပါသည်။
အခြေအနေအလိုက်
ပုံမှန်ထွန်ယက်စိုက်ပျိုးခြင်း (Conventional Tillage)၊
ထွန်ယက်မှုအနည်းငယ်ဖြင့် စိုက်ပျိုးခြင်း (Minimum Tillage)၊
ထွန်ယက်မှုမပြုဘဲ စိုက်ပျိုးခြင်း (Zero Tillage)တို့ကို အသုံးပြုနိုင်ပါသည်။
အဓိကရည်ရွယ်ချက်မှာ သီးနှံပင်သက်တမ်းတစ်လျှောက် မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး အပင်ကြီးထွားဖွံ့ဖြိုးမှုကောင်းမွန်စေမည့် ထွန်ရေးစနစ်ကို ရွေးချယ်အသုံးပြုရန် ဖြစ်ပါသည်။
အောက်တိုဘာလတွင် မိုးစပါးအလေအလွင့်မရှိ ရိတ်သိမ်းနိုင်ခြင်းနှင့် ဆောင်းသီးနှံများ အချိန်မီ စိုက်ပျိုးအောင်မြင်ခြင်းဖြင့် သီးနှံအထွက်တိုး စိုက်ပျိုးဝင်ငွေကောင်းကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 4 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
More from Soe Myint
အားလုံး