အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အင်းလျားကန် (သို့) အလှမွေးငါးမွေးကြသူများရဲ့ အကြီးဆုံးအမှိုက်ပုံကြီး

အင်းလျားကန် (သို့) အလှမွေးငါးမွေးကြသူများရဲ့ အကြီးဆုံးအမှိုက်ပုံကြီး

Shin Paing @ Piscey Wang
Shin Paing @ Piscey Wang • 05/07/2023

အင်းလျားကန်ကြီးဆိုသည်မှာ လူတိုင်းအတွက် ရန်ကုန်မြို့ကြီးရဲ့ အလှတရားများကို ဖော်ကျူးပေးသည့် ရေကန်ကျယ်ကြီး​၊ လူငယ်လူရွယ်မှအစ သက်ကြီးပိုင်းများအတွက်ပါ ပျော်ရွှင်ကြည်နူးဖွယ်ရာ အမှတ်တရများ၊ အနုပညာရှင်များအတွက် ပန်းချီ၊ ကဗျာ၊ ဝတ္ထု နှင့် သီချင်းပေါင်းများစွာမှာ ထည့်သွင်းဖော်ကျူးရသည့် ဂန္ထဝင်မြောက် ရေကန်ကျယ်ကြီးဖြစ်သည်။

ကျယ်ပြောလှသည့်ကန်ကြီးမှာ ကန်တစ်ပတ်ပြည့်အောင်ပတ်ဖို့အတွက်ပင် လမ်းလျှောက်ရင် ၂ နာရီခန့်ကြာအောင် ကြီးမားသည်။ စိမ်းလန်းစိုပြည်နေသည့် အပင်များဝန်းရံထားပြီး ကန်၏ရေများသည် တစ်ချိန်က ရန်ကုန်တစ်မြို့လုံးအတွက် သုံးရေအဖြစ်ထားရှိခဲ့ရ​လောက်အောင် သန့်ရှင်းသည်။ ရေပြင်ကျယ်ကြီး အောက်တွင် ရေသတ္တဝါမျိုးပေါင်းများစွာဖြင့် သယံဇာတများကြွယ်ဝခဲ့သည်၊ အင်းလျားကန်မှ ဖမ်းဆီးရမိသည့် ငါးများ၏ အရွယ်အစားသည် လူတိုင်း အံ့သြရလောက်သည်အထိ ကြီးထွားကြသည်။ သို့သော် ထိုအရာများအားလုံးသည် အတိတ်မှာသာ ကျန်ခဲ့ပြီဖြစ်သည်။

မြို့ပြရဲ့ဖွံ့ဖြိုးတိုးတက်လာမှု၊ လူနေထူထပ်လာမှုနှင့်အတူ ကန်၏ အရည်အသွေးမှာ ကျဆင်းလာပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပွဲတော်ကျင်းပသည့်အခါ အပျက်စီးဆုံးသည် အင်းလျားကန်ဖြစ်သည်။ အခါကြီးရက်ကြီးတိုင်းတွင်လည်း ဗုဒ္ဓဘာသာဝင်များပီပီ ကုသိုလ်ရရေးကိုခုတုံးလုပ် နိဗ္ဗာန်အကျိုးမျှော်၍ အားတက်သရော သူနှင့်ကိုယ်အပြိုင် ကန်ကြီးအတွင်းသို့ ငါးပေါင်းစုံကိုဘေးမဲ့ပေးကြရာမှာ မိမိလွှတ်မိသောငါးသည် အမြီးနှင့်လား ချို(ဂျို)နှင့်လားမသိ၊ တွေးခေါ်မှုမရှိ၊ ကုသိုလ်ရယူရန်သာ ဘေးမဲ့ပေးကြသည်။

ထိုငါးများသည် ကျူးကျော်မျိုးစိတ်များအဖြစ် ဂေဟနစ်ကို ဒုက္ခပေးသလို၊ သမီးရည်းစား ချစ်သူစုံတွဲများ ကန်ပေါင်တွင် ချိန်းတွေ့သည့်အခါမှာလည်း အမှတ်တရအနေဖြင့် ကန်အတွင်းသို့အမှိုက်များဘေးမဲ့ပေးကြသေးသည်။

ဤကဲ့သို့ ဘက်ပေါင်းစုံမှ ပြဿနာများရဲ့နောက်ကွယ်မှာ ကန်အတွင်းရှိ ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေသည့် လူအများသတိထားမိမှု နည်းသေးသော ပြဿနာကြီးတစ်ခုရှိနေသေးသည်။ ၄င်းပြဿနာမှာ အင်းလျားကန်သည် အလှမွေးငါးမွေးမြူသူများအတွက် မွေးမြူရန် အဆင်မပြေသောငါးမှန်သမျှကို သဘာဝရဲ့ရင်သွေးငယ်များအဖြစ်စေလွှတ်ရာ အကြီးမားဆုံး အမှိုက်ပုံ​ကြီးဖြစ်နေခြင်းဖြစ်သည်။ ဤကဲ့သို့ အင်းလျားကန်ကြီး၏ ဂေဟစနစ်အပေါ်ကို လူအများ အဆိပ်ခတ်ခဲ့သည်မှာ ဆယ်စုနှစ်​ကျော်ခဲ့ပြီဖြစ်ပေသည်။

အလှမွေးငါးဝါသနာရှင်များအနေဖြင့် ပြည်ပမှ ငါး၊ လိပ် မျိုးစိတ်များကို ဝယ်ယူမွေးကြရာ အချို့သော ငါးမျိုးစိတ်များသည် အသားစား၊ သားရဲငါးမျိုးစိတ်များပါဝင်သည်။ ၄င်းသားရဲငါးမျိုးစိတ်များသည် ရန်လို၊ အစားကြူးပြီး အရွယ်အစားအလွန်အမင်းကြီးထွားလာ၍ မွေးမြူဖို့ နေရာအခက်အခဲရှိလာသည့်အခါ အများစုမှာ အင်းလျားကန်ကိုသာရွေးချယ်ကြသည်။

ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် အကုသိုလ်ကိုကြောက်ကာ သူများအသက်ကိုသတ်ဖို့ဝန်လေးပြီး လုပ်ကြရာမှ နောက်ဆက်တွဲဆိုးကျိုးပေါင်းများစွာ ​ဖြစ်ပေါ်လာပြီဖြစ်သည်။ လွှတ်ကြသည့်နိုင်ငံခြား ငါးမျိုးစိတ်များမှာ စုပ်ခွက်ငါး၊ ငါးမိကျောင်း (Alligator Gar)၊ Peacock Bass၊ ထိုင်းတိုမန်ငါးရံ့ (Giant Snakehead)၊ အမေရိကန်ငါးခူ (Red Tail Catfish)၊ ဂေါ်ပြားငါးခူ (Tiger Shovel Nose Catfish)၊ ပန်းသီးငါးမုတ် (Pacu) နှင့် Lucky fish (Arowanna) မျိုးစိတ်တို့ဖြစ်သည်။

၄င်းမျိုးစိတ်များမှ အချို့သည် ပြင်ပမှ ဂေဟနစ်အတွင်းသို့ရောက်ရှိသောအခါ ၄င်းတို့၏ ရန်လိုမှု၊ အမဲလိုက်သတ်ဖြတ်စားသောက်မှု၊ အကြမ်းခံနိုင်မှု အရွယ်အစားကြီးမားမှုတို့မှာ ဂေဟစနစ်အတွင်းရှိ မူလ မျိုးစိတ်များအပေါ် အနိုင်ယူခြင်း သို့မဟုတ် အစာစက်ကွင်း ဟန်ချက်ပျက်စေ၍ ''ကျူးကျော်မျိုးစိတ်များ'' အနေဖြင့် ဒေသတွင်း ငါးမျိုးစိတ်အချို့ပျောက်ကွယ်နိုင်သည်အထိ ထိခိုက်စေတတ်ပါသည်။

အချို့သော Flower Horn ငါးမွေးသမားများအဖို့် ငါးသားဖောက်သည့်အခါ Quality Control အတွက် ပယ်ငါး (Culling) ရွေးထုတ်ပြီးနောက် ပယ်ငါးများကို သုတ်သင်ရှင်းလင်းခြင်းကို ရှောင်ပြီး အင်းလျားကန်ထဲမှာ သဘာဝရဲ့ရင်သွေးငယ် ဖြစ်စေခဲ့ခြင်းများစွာလည်း ရှိနေသေးသည်။ အလှ​မွေးငါးမွေးမြူသူများအပြင် ကုသိုလ်ဖြစ် ငါးဘေးမဲ့လွှတ်ကြသူများ လွှတ်ကြသည့် မျိုးစိတ်များမှာလည်း ငါးခူခေါင်းပွနှင့် တီလားပီးယား အစရှိသည့် ကျူးကျော်မျိုးစိတ်များအဖြစ် ဂေဟနစ်ကိုဒုက္ခပေးသည့် ပြည်ပမှမျိုးစိတ်များဖြစ်သည်။

ယခုအခါတွင် အင်းလျားကန်အတွင်း၌ ဒေသတွင်းမျိုးရင်းငါးများထက် လူအများလွှတ်ခဲ့ကြသော ပြည်ပမှ မျိုးစိတ်များ ပေါက်ဖွားလာကာ တစ်နေ့ထက်တစ်နေ့ ပိုမိုအရေအတွက်များလာသည်။ ထိုငါးများသည် အရွယ် အစားအားဖြင့် အင်မတန်ကြီးမား၍ ရန်လိုစွာ တိုက်ခိုက်သတ်ဖြတ် အမဲလိုက်စားသုံးသောကြောင့် အင်းလျားကန်အတွင်းရှိ မူလငါးမျိုးစိတ်များအပေါ်ဖိအား​သက်ရောက်ပြီး၊ အချို့သောမျိုးစိတ်များ ပျောက်ကွယ်မည့်အန္တရာယ်ဖြစ်ပေါ်နေပြီဖြစ်သည်။

Peacock Bass ကဲ့သို့ အသားစားငါးမျိုးကြီးများသည် ကန်အတွင်း၌ အုပ်စုဖွဲ့ ပြန့်ပွားနေပြီး ငါးခူခေါင်းပွများမှာလည်း အရွယ်အစားအင်မတန်ကြီးမား၍ ၄င်းငါးမျိုးများသည် ကန်အတွင်းရှိ ဂေဟစနစ် အစာစက်ကွင်း၏ ထိပ်ဆုံးတွင် ဗိုလ်စွဲကြီးစိုးနေပြီဖြစ်သည်။

လူအများအခေါ် ဂျပန်ငါး သို့မဟုတ် ငါးဖီးမခေါ် တီလားပီးယားငါးများမှာလည်း ကန်စပ်များတွင်တစ်ခါခပ်လျှင် သားပေါက်ရာဂဏန်းထိပါလာနိုင်သည်အထိ ပြန့်ပွားနေပြီဖြစ်သည်။ စုပ်ခွက်ငါးများမှာလည်း ကန်အတွင်း ပိုးမွှားများကဲ့သို့ ပြန့်ပွားနေပြီဖြစ်သည်။ 

အင်းလျားကန်သည် အိမ်ရာဝန်းကြီးများ၊ သံရုံး ကန့်သတ်နယ်မြေများစွာရှိခြင်း နှင့်အတူ အပြင်လူထိတွေ့မှု နည်းပါးသောကြောင့် ထိုကျူးကျော်ဆိုးသွမ်းနေသည့် ငါးမျိုးစိတ်များလျော့သွားနိုင်အောင်လုပ်နိုင်သည့် အခွင့်အလမ်းမှာ နည်းပါး၍ ကန်အတွင်းရှိ ဒေသငါးမျိုးစိတ်များ၏ ရှေ့ရေးမှာ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေရောက်ရှိနေပြီဖြစ်သည်။ Peacock Bass ငါးမျိုးသည် မိုးတွင်းအခါမှာ အင်းလျားကန်၏ ရေထွက်ပေါက်များမှ အခြားရေပိုင်နက်များသို့ လွတ်မြောက်ခဲ့သည်ရှိသော် ပိုမိုဆိုးရွားသည့် အန္တရာယ်များပေးတော့မည်ဖြစ်သည်။ 

စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းသည်သာ ဂေဟစနစ်အပေါ်ထိခိုက်မှုများရှိစေသည် မဟုတ်၊ အလှမွေးငါးမွေးမြူသူများအနေဖြင့် စည်းကမ်းမဲ့ ပြည်ပငါးမျိုးစိတ်များလွှတ်ခြင်းသည်လည်း အမှိုက်ပစ်ခြင်းကဲ့သို့ အလားတူပင်ဖြစ်သည်။

ဘာသာရေးအရ ငါးလွှတ်ကြသူများမှာလည်း ကုသိုလ်ရရန်သာ မတွေးဘဲ မိမိလွှတ်မည့်သတ္တဝါအကြောင်း အကောင်းအဆိုးများကို လေ့လာသုံးသပ်ပြီးမှ ပြုလုပ်သင့်သည်။ စည်းကမ်းမဲ့စွာ ပြည်ပငါးမျိုးစိတ်များကို ပြည်တွင်း ရေပိုင်နက်များအတွင်း လွှတ်ခြင်းသည် ဂေဟစနစ်ကို အဆိပ်ခတ်ခြင်းနှင့်တူသည်။ ကျွန်တော်တို့ချစ်သော အင်းလျားကန်ကြီး၏ ပျက်စီးနိုင်ခြင်းကို မျက်မြင်တွေ့နေရပြီဖြစ်ကာ ကျွန်တော်တို့အားလုံး အဘက်ဘက်မှ တာဝန်သိတတ်စွာ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သင့်သလို အင်းလျားကန်ကြီး၏ ဖြစ်ရပ်ဆိုးကို နမူနာယူ၍ အဖြစ်ဆိုးများထပ်မံမဖြစ်အောင် ကာကွယ်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Article by Shin Paing @Piscey Wang

မူရင်းလင့်>>> https://www.facebook.com/permalink.php?story_fbid=pfbid028dUoBsJsHrZoCaar6A5uwsT4oCJDkaqGNkg3rhrYJeAH7sdPZAQLFKNqzNuv7JxQl&id=100063616784373

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ဂေဟစနစ်

ဂေဟစနစ်

1
ဦညီညီ

ဦညီညီ

လွန်ခဲ့သော ၃ နှစ် က

ဖတ်ရတာကိုက်လို့ဒါမျိုး​လေး​တွေများများတင်​ပေ​စေလိုပါ​ကြောင်း

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။