အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၂၈) အခန်း(၁၆) သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ
Chapter-16 Manures and Fertilizers
စိုက်ပျိုးရေးအတွက် အသုံးဝင်တဲ့မြေဆိုတာ ဘယ်လို မြေအမျိုးအစားတွေလဲ..
အပင်များအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကဘာတွေလဲ..ဘယ်လိုတွေကနေ ရနိုင်သလဲ..
သဘာဝမြေဩဇာဆိုတာဘာတွေလဲ..ဘယ်တွေကနေ ရနိုင်လဲ..
မြေဩဇာအကြောင်းမရေးသားမီ စိုက်ပျိုးရေးသမား၊တောင်သူဦးကြီးများအတွက် အခြေခံ မြေဆီလွှာသိပ္ပံ (Basic Soil Science) ကို အနည်းငယ်မျှ ဗဟုသုတ မျှဝေပါမည်။
(က) မြေဆီလွှာဖြစ်ပေါ်မှု (Soil Formation)
မြေဆီလွှာဖြစ်ပေါ်မှုမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကျောက်တောင်များ (Rock) ပြိုကွဲ ပျက်စီးပြီး နေ(Sun)၊ လေ (Wind)၊ ရေ (Water)၊ မိုးရေ၊ မြစ်ရေ၊ ပင်လယ်ဆားငန်ရေနှင့် အပင်ကြီးရှိ အမြစ်များ (Roots) တို့၏ တိုက်ရိုက် (သို့) သွယ်ဝိုက် သက်ရောက်မှုကြောင့် မြေဆီလွှာ ဖြစ်ပေါ်လာပါ သည်။
(ခ) မြေဆီလွှာဓာတ်သတ္တုများ (Soil Minerals)
အကြမ်းဖျဉ်းအားဖြင့် မြေဆီလွှာကို အရွယ်အစားအရ ၃-မျိုး ခွဲပါသည်-
(ခ-၁) သဲမြေ (Sand - ၀.၂၀ မှ ၀.၀၅ မီလီမီတာ)
(ခ-၂) နုန်းမြေ (Silt - ၀.၀၅ မှ ၀.၀၀၂ မီလီမီတာ)
(ခ-၃) မြေစေးမြေ (Clay – ၀.၀၀၂ မီလီမီတာအောက် သေးငယ်သော)
စိုက်ပျိုးရေးအတွက် မြေဆီလွှာ၏ အနေအထားဖွဲ့စည်းပုံ (Soil Texture)သည် စိုက်ပျိုးမြေထက် အနက် (၇) လက်မ (သို့မဟုတ်) ၁၈-စင်တီမီတာ အနက်ရှိမြေကြီးက ပို၍အရေးကြီးပါသည်။ အမြစ်နက်နက်ဆင်းသော နှစ်ရှည်သီးနှံပင်များအတွက် သီးခြားလိုအပ်ချက်ရှိပါသည်။
သဲဆန်မြေသည် ထွန်ယက်ရလွယ်ကူသော်လည်း ရေကြာကြာမထိန်းနိုင်၊ အာဟာရဓာတ်ရှိမှု လည်း နည်းပါသည်။ မြေစေးဆန်လွန်းပါကလည်း စပါးစိုက်ပျိုးခြင်းမှလွဲ၍ ရေသွင်းရေထုတ်ခက်ကာ နေဝပ်နေနိုင်ပါသည်။ အခြောက်သီးနှံ စိုက်ပျိုးခြင်းအတွက် နုန်းမြေ၊ နုန်းဆန်မြေများက ပိုကောင်းမွန်ပါ မည်။ လယ်ယာသီးနှံရှုထောင့်မှ ထယ်ထိုး ထွန်ခွေလိုက်ပါက လေဝင်လေထွက်ကောင်းပြီး အပင်အမြစ် များအတွက် အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်များ လဲလှယ်နိုင်မှုကောင်းလျှင် သီးနှံပင်များ ကြီးထွားနှုန်းကောင်းပါသည်။
(ဂ) စိုက်ပျိုးရေးအတွက် မြေဆီလွှာ၊ အသုံးဝင်သောမြေ (Cultivable Soil)
စိုက်ပျိုးရာတွင် အသုံးဝင်သောမြေသည် အောက်ပါအချက်များဖြင့် ပြည့်စုံရပါမည်-
(ဂ-၁) မြေသည်အပင်များအတွက် အာဟာရဓာတ်များကို သဘာဝအလျောက်သိုလှောင်ထားရာ မြေဆီ ဩဇာကို ထပ်မံဖြည့်စရာမလိုဘဲ သဘာဝအလိုက် ပေါက်ရောက်သော အပင်လောကကို ဆက်လက်ရပ်တည်နိုင်ရပါမည်။
(ဂ-၂) မြေမှ အာဟာရဓာတ်များအပြင် ရေကိုလည်းယူနိုင်ရပါမည်။
(ဂ-၃) မြေကြီးသည် အပင်၏အမြစ်များ ကုပ်တွယ်ထားနိုင်မှုကို ခံနိုင်ရည်ရှိရပြီး သာမန်အားဖြင့် မယိုင်လဲဘဲ ခိုင်မြဲစွာ ထောင်မတ်ပေါက်နေရပါမည်။
(ဂ-၄) ဤမြေအတွင်း၌ပင် ရေ၊ လေတို့ကြောင့် ဒြပ်ပေါင်းစုံကို ဓာတုဗေဒနည်းဖြင့် ပြောင်းလဲပေးခြင်း ကြောင့် အပင်များက စားသုံးသော်လည်း အာဟာရဓာတ်များ ထပ်မံဖြည့်တင်းပေးနိုင်စွမ်း ရှိရပါမည်။
(ဂ-၅) မြေဆီဩဇာတို့ကို တိုးတက်နိုင်သော တီကောင် (Earthworm)၊ အကျိုးပြုဘက်တီးရီးယား (Beneficial Bacteria) ၊ မှို (Beneficial Fungus) စသည်တို့ ပေါက်ပွား၊ တိုးပွားနိုင်ရပါမည်။
(ဃ) မြေဆီလွှာရှိအစိတ်အပိုင်းအမျိုးမျိုး (Soil Profile/Phases of Soil)
မြေတွင်အပိုင်း (၄) ပိုင်း ပါဝင်နိုင်ပါသည်။
(ဃ-၁) အခဲပိုင်း (Solid Phase)
ထွန်ယက်စိုက်ပျိုးထားသောနုန်းမြေ (Loamy Soil) တွင် ထုထည်အားဖြင့် ၅၀% သည် အခံပိုင်း ဖြစ်ပြီး ကျန် ၅၀% မှာ စိမ်ပေါက် (pore space) လေဟာပြင် ဖြစ်ရပါမည်။ ရေ ၂၅%၊ လေ ၂၅% အခံပိုင်းတွင် အလေးချိန်အားဖြင့် မျက်စိဖြင့်မမြင်နိုင်သော အလွန်သေးငယ်သည့် မြေစေး အာဟာရဓာတ် (Clay Mineral) ၉၈% ပါဝင်၍ ဩဂဲနစ်ဒြပ် (Oraganic Matter ၃% ပါဝင်နိုင်ပါ သည်။ ထုထည်အားဖြင့် မြေစေးဓာတ် ၄၅% နှင့် ဩဂဲနစ် ၅% ပါဝင်ပါသည်။
(ဃ-၂) အရည်ပိုင်း (Liquid Phase)
အရည်ပိုင်းသည် ထုထည်အားဖြင့် မြေထဲတွင်ရှိ ရေထုထည်ပမာဏအတိုင်း ရှိပါသည်။ ဥပမာ- မိုးရွာပြီးချိန်တွင် ဟင်လင်းပြင်အားလုံး ရေဖြင့်ပြည့်နေပြီး ဖြည်းဖြည်းချင်း စိမ့်ဝင်သွားကာ မြေမျက်နှာပြင်တင်းအား (Soil Surface Tension) နှင့် ကမ္ဘာ့ဆွဲအား တူညီသွားလျှင် ရေသည်အောက်သို့ မစိမ့်တော့ဘဲ မြေမှုန် (Soil Particles) ၏ ပတ်လည်တွင် အမြှေးသဖွယ် (Film) တွယ်ကပ်နေသည်။ လေဟာနယ် ၂၅%၊ ရေ ၂၅% တွင် အရည်ပျော်လွယ်ဆားများ ပါဝင်ပါသည်။
(ဃ-၃) အငွေ့ပိုင်း (Gaseous Phase)
ထုထည်အားဖြင့် အငွေ့ပိုင်း ၂၀-၃၀% ရှိပါက လေဝင်လေထွက်ကောင်းသည်ဟူ၍ ဆိုနိုင် ပါသည်။ မြေကြီးအတွင်းရှိ လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် များစွာရှိသည်။ အမြစ်များမှ ဓာတ်ငွေ့လဲလှယ်မှု (Respiration) ကြောင့်ဖြစ်သည်။ စပါးမှလွဲ၍ ရေဝပ်နေသော မြေကြီးတွင် အပင်များ သေကြေ၊ ညှိုးနွမ်းရခြင်းမှာ အောက်ဆီဂျင်ကို လေထုမှမရဘဲ အမြစ်ပတ်လည် ကာဗွန်ဒိုင်အောက်ဆိုဒ်များက အပင်အဆိပ်သင့်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လေဝင်၊ လေထွက် ကောင်းအောင် ကြားပေါင်းလိုက်ခြင်း၊ မြေဆွ၊ သမန်းနှိုးခြင်းများ ပြုလုပ်ပေးရပါမည်။
(ဃ-၄) သက်ရှိပိုင်း (Living Phase)
မြေကြီးထဲတွင် သက်ရှိ၊ အဏုဇီဝ (Microbes) များစွာရှိပါသည်။ မြေတစ်ဧကအတွင်းရှိ ထယ်ထိုးသည့်အလွှာ (Plough Layer) တွင် သက်ရှိများကို အလေးချိန်ကြည့်ပါက ၅-တန်လောက်အထိ ရှိနိုင်ပါသည်။ ၎င်းတို့မှာ ဘက်တီးရီးယား (Bacteria)၊ အက်တီနိုမိုင်ဆီ (Actinomycetes)၊ မှို (Fungi)၊ ရေညှိ (Alage)၊ ပရိုတိုဇိုးဝါးအကောင်များ (Protozoas)၊ နီမတုတ် (Nematode)၊ တီကောင် (Earth worms) တို့ပါဝင်ပါသည်။

(င) အပင်များအတွက်လိုအပ်သောအာဟာရဓာတ်များ (Essential Plant Nutrients)
သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း (Crop Production) အတွက် အပင်မှာ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် (Essential Nutrients/Elements) များ မြေကြီးထဲတွင် ရှိပါသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုတို့အတွက် မြေကြီးမှပံ့ပိုးပေးရန် မလုံလောက်ပါက မြေဩဇာအဖြစ် ထပ်မံဖြည့်စွက် ပံ့ပိုးပေးရပါမည်။
စိုက်ခင်းအတွင်း သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်သည့်အခါ လိုအပ်သော ရေနှင့်အာဟာရဓာတ်များကို အပင်၏ အမြစ်များက စုပ်ယူ၍ ပင်စည်၊ အရွက်၊ အသီး၊ အပွင့်တို့များစွာ ရရှိအောင် နေရောင်ခြည် စွမ်းအင်ဖြင့် အစာချက်လုပ်ကာ ကြီးထွားဖွံ့ဖြိုးစေပါသည်။ သီးနှံပင်များ ရိတ်သိမ်းသောအခါ အသီး၊ အနှံများကိုသာမကဘဲ ပင်စည်၊ အရွက်၊ အမြစ်များပါ စိုက်ခင်းမှ ထုတ်ယူသွား၍ မြေကြီး၌ နောင်နှစ်အတွက် အာဟာရဓာတ်လျော့နည်း ကျန်ရစ်ခဲ့ပါသည်။ တောင်သူဦးကြီးများ သတိပြုရပါမည်။ (ဥပမာ- စပါး၊ ပြောင်းဖူး ရိတ်သောအခါ ကောက်ရိုး၊ ပြောင်းဖူးရိုး၊ အရွက်များ နွားစာအဖြစ် ယူသွားခြင်း၊ မြေပဲ နှုတ်သောအခါ မြေပဲသီးချွေပြီးလျှင် ကျန်မြေပဲရိုး၊ အရွက်များကို နွားကျွေးခြင်း) မြေကြီးကို အာဟာရဓါတ် ပြန်လည်ဖြည့်ဆည်းပေးရပါမည်။
အပင်အာဟာရဓာတ် (Plant Nutrient) ကို အကြမ်းဖျဉ်းအားဖြင့် အုပ်စု (၂) စု ခွဲခြားပါမည်။
(င-၁) အများလို အာဟာရဓာတ်များ (Macro Nutrients)
(ဥပမာ- တစ်ဧက ပေါင်များစွာလိုအပ်)
(င-၂) အနည်းလိုအာဟာရဓာတ်များ (Micro Nutrients)
(ဥပမာ- တစ်ဧက တပေါင်ထက်နည်း၍လိုအပ်) ယေဘုယျအားဖြင့် ပြောခြင်းဖြစ်ပါသည်။
ပထမဆုံး အာဟာရဓာတ် (၃) ခုမှာ လေထဲမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ် (Carbon dioxide – CO2) နှင့် မြေ (သို့) မိုးရွာခြင်းဖြင့် ရေဓာတ် (Water – H2O) တို့သည် အပင်မှများစွာ စားသုံးသော်လည်း လေနှင့်ရေတို့တွင် များစွာရှိသဖြင့် လိုအပ်ချက် မရှိသလောက်ဖြစ်ပါသည်။ ရေသွင်းနည်းအမျိုးမျိုး (Different methods of Irrigation) တွင် အသေးစိတ် ဆွေးနွေးပါမည်။
(၁) ကာဘွန် Carbon-C
(၂) ဟိုက်ဒရိုဂျင် Hydrogen-H
(၃) အောက်ဆီဂျင် Oxygen-O
အောက်ဖော်ပြပါ အများလို အာဟာရဓာတ်များသည် မြေကြီးမှ အများဆုံးရရှိ၍ အပင်အတွက် မရှိမဖြစ် လိုအပ်သော ဓာတ်သတ္တု (Mineral Elements) များဖြစ်ပါသည်။
(၄) နိုက်ထရိုဂျင် Nitrogen-N
(၅) ဖော့စဖော့ရပ် Phosphorus P
(၆) ပိုတက်ဆီယမ် Potassium K
(၇) ဆာလဖာ Sulphur S
(၈) ကယ်လဆီယမ် Calcium Ca
(၉) မဂ္ဂနီဆီယမ် Magnesium Mg
မြေကြီးမှ အနည်းလို အာဟာရဓါတ်များ (Micronutrient Elements)
(၁၀) မော်လစ်ဒီနမ် Molybdenum Mo
(၁၁) ဘိုရွမ် Boram B
(၁၂) ကလိုရင်း Chlorine Cl
(၁၃) ကော့ပါး Copper Cu
(၁၄) ဇင့်(သွပ်ဓါတ်) Zinc Zn
(၁၅) မဂ္ဂနီးစ် Manganese Mn
(၁၆) သံဓါတ် Iron Fe စသည်တို့ဖြစ်ပါသည်။
တချို့အာဟာရဓာတ်တွေလည်း သီးနှံတစ်မျိုးခြင်းအလိုက် လိုအပ်ချက်ရှိနိုင်ပါသည်။ အငြင်းပွား ဖွယ်ရှိသော အာဟာရဓာတ်များဖြစ်ပါသည်။ ၎င်းတို့မှာ နီကယ် Nickel Ni, ဆိုဒီယမ် Sodium Na, ဆီလီကွန် Silicon Si, ကိုဘော့ Cobalt Co စသည်တို့ ဖြစ်ပါသည်။
အပင်မှ အာဟာရဓာတ်လိုအပ်ချက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အပင်မှ လိုအပ်ချက်ကို မပြည်မီပါက အပင်ကြီးထွားမှု ရပ်တန့်နိုင်ပါသည်။ (Limited Plant Growth) ထိုအရာကို လီဗစ်၏ အနည်းလို ဥပဒေ (Liebig’s Law of the Minimum) ဟူ၍ ခေါ်ဝေါ်ပါသည်။

ပုံ ၁ - လီဗစ်၏ အနည်းလိုဥပဒေ
ဥပမာ- အာဟာရဓာတ် (၁၆) မျိုးမှ တစ်ခုခုက လိုအပ်သမျှ မပြည့်စုံပါက သူရှိသလောက်သာ ကြီးထွားမှု (Growth) နှင့် အထွက်နှုန်း (Yield) ဖြစ်နိုင်ပါသည်။ မြေဆီလွှာအတွင်းမှ လျော့နည်းသွားသော အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို ပြန်လည်ဖြည့်ဆည်းရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ဖြည့်တင်းပေးရန် လိုပါသည်။
(က) သဘာဝမြေဩဇာများ (Natural Fertilizers)
သဘာဝမြေဩဇာဟူသည်မှာ အပင်နှင့် ကျေးငှက်တိရိစ္ဆာန်တို့မှရသော မြေဩဇာကိုဆိုလိုသည်။ သဘာဝမြေဩဇာ၏ ထူးခြားချက်မှာ မြေလုံးသဏ္ဍာန်ကို မပျောက်ပျက်စေသည့်အပြင် ပိုမိုကောင်းမွန် လာရန် ဖန်တီးပေးသဖြင့် လေဝင်လေထွက်ကောင်းစေရန်၊ ရေကိုပိုမိုစုပ်နိုင်ရန် ပြောင်းလဲစေပြီး ဤမြေဩဇာများထည့်ရာတွင် များလွန်းသောကြောင့် အပင်ကိုမသေစေနိုင်ပါ။ သို့သော် မြေဩဇာ ကောင်းကျိုးကိုသာ ဓါတ်မြေဩဇာကဲ့သို့ ချက်ချင်းမသိသာနိုင်။ တဖြည်းဖြည်းသာ တွေ့မြင်နိုင်သည်။
ထိုသဘာဝမြေဩဇာများမှာ-
၁။ သစ်စိမ်းမြေဩဇာ (Green Manure)၊
၂။ နှမ်းဖတ်နှင့် ပဲဖတ်ပုပ် (Crop Residue)၊
၃။ မြေဆွေး (Compost)၊
၄။ တိရစ္ဆာန်ချေး (Farm Yard Manure)၊
၅။ လင်းနို့်ချေး၊ ဌက်ချေး (Guano)၊
၆။ အရိုးမှုန့် (Bone Meal)၊
၇။ လူ၏မစင် (Night Soil တရုပ်ပြည်တွင်များစွာသုံးပါသည်) တို့ ဖြစ်သည်။
(၁) သစ်စိမ်းမြေဩဇာ (Green Manure)
သစ်စိမ်းမြေဩဇာကို နှစ်နည်းဖြင့် ရနိုင်သည်။ ပထမနည်းမှာ ရသမျှသော သစ်စိမ်းများ (အကိုင်းအခတ်အကြီးများမပါရ) ကို အခြားတနေရာမှ သယ်ယူလာပြီး မိမိ၏ လယ်ယာမြေကွက်ပေါ်တွင် ကြဲချကာ ထယ်ဖြင့်ထိုး၍ ဖုံးရသည်။ ဤနည်းအားဖြင့် သယ်ယူခဲ့သော သစ်ရွက်စိမ်းတွင် ပါရရှိသည့် အာဟာရဒြပ်ပေါင်းစုံကို ၎င်းတို့ဆွေးသွားလျှင် သီးနှံပင်ကရရှိသည်။ ထို့နောက် ဩဂဲနစ်များလည်း ရရှိမည်ဖြစ်၍ လယ်ယာမြေ၏ ရူပဂုဏ်သတ္တိကို ပိုမိုကောင်းမွန်စေသည်။
ဒုတိယနည်းမှာ မိမိ၏ အကွက်တွင် ပဲမျိုးစုံကို စိုက်ရမည်။ အထူးသဖြင့် ပိုက်ဆံလျှော်ပင် ( Sunn Hemp) နှင့်ညန်ပင် (Sesbania) မှာ ကြီးလွယ်ကာ အပင်အရည်ရွှမ်းသောမျိုးဖြစ်၍ မျိုးစေ့ရရန်လည်း မခက်ခဲလှသဖြင့် သစ်စိမ်းမြေဩဇာအပင်အဖြစ် စိုက်ရန် သင့်တော်လှသည်။ တကဧလျှင် အစေ့ (၈) ပြည်မှ (၁၀) ပြည်အထိ ကြဲပက်၍ ပွင့်လာချိန်တွင် ထယ်ထိုးပြီး မြေဖုံးလိုက်ရမည်။ ဤကဲသို့ပြုလုပ်ပြီး လယ်တွင် (၁၀) ရက်မျှ ပုပ်ဆွေးရန် စောင့်ပြီးမှ စပါးစိုက်သင့်သည်။ ယာတွင်မူ (၂၀) မှ (၃၀) အထိ မြေအစိုဓါတ်လိုက်၍ စောင့်ရမည်။ ပုပ်ဆွေးခြင်းကို မစောင့်ဆိုင်းက မြေအောက်ရှိ မိုက်ကရုပ်ပိုးတို့သည် ဦးရေများပြား လှသဖြင့် သစ်စိမ်းပင်ကို ဆွေးမြေ့အောင် ပြုလုပ်နေစဉ်တွင် မြေ၌ရှိသော အပင်၏ အာဟာရဓါတ်များ လည်း စုပ်ယူကြသောကြောင့် သီးနှံပင်စိုက်လျှင် ၎င်းတို့အတွက် စားသုံးစရာမကျန်တော့၍ ကြုံလှီပြီး အဝါရောင်သန်းကာ သေကြေသွားတတ်သည်။ သစ်ရွက်စိမ်းများ ကောင်းစွာ ဆွေးပြီးက ထိုမိုက်ကရုပ် တို့သည် နောက်ထပ်အာဟာရဓါတ် မရတော့သဖြင့် သေကြေသွားသောအခါ သီးနှံပင် အာဟာရ ပြန်လည် ဖြစ်လာပြန်သည်။
ပဲပင်မျိုးသုံးခြင်းအားဖြင့် ထိုအပင်စိမ်းဆွေးသောအခါ ဩဂဲနစ်ဒြပ်ရသည့်အပြင် နိုက်ထရိုဂျင် လည်း အပိုရရှိသေးသည်။ ပဲပင်မျိုးတို့ အမြစ်တွင် အဖုငယ်များရှိသည်။ ထိုအဖုငယ်အတွင်းရှိ ဘက်တီးရီးယားမျိုးသည် လေထဲမှ နိုက်ထရိုဂျင်ကို စုပ်ယူ၍ ၎င်းတို့သေသောအခါ အပင်အတွက် ကျန်ရစ်သည်။
၂။ နှမ်းဖတ်နှင့် ပဲပုပ်ဖတ် (Sesame and Soybean Residue)
နှမ်းဖတ်နှင့် ပဲဖတ်တို့ကို ရေစိမ်လျက်ထားပါက ရက်အနည်းငယ်အတွင်း ပုပ်လာပေမည်။ ထိုအပုပ်ရည်ကို သီးနှံပင်များအား လောင်းပေးလျှင် များစွာဖြစ်ထွန်းသည်။ အပင်၏ အာဟာရဓါတ် အစုံပါသဖြင့် အလွန်ကောင်းသော သဘာဝမြေဩဇာဖြစ်ပေသည်။
၃။ မြေဆွေး (Compost)
မြေဆွေးကို အချို့က မန်ကျည်းပင်အောက်တွင်လည်းကောင်း၊ အမှိုက်ပစ်ရာနေရာတွင် လည်းကောင်း၊ မြေများတူး၍ ပန်းပင်၊ ဟင်းသီးဟင်းရွက်ပင်များအား ထည့်ပေးသည်ကို မြင်ဖူးကြပေ မည်။ မြန်မာပြည်တွင် ဦးကြီးတို့ မြေဆွေးကို တကူးတကပြုလုပ်၍ မိမိမြေတွင်မချသော်လည်း နိုင်ငံခြားတွင်မူ မြေဆွေးကို တကူးတက စနစ်တကျ အမြောက်အမြားပြုလုပ်ကြသည်။ မြေဆွေးတွင် အပင်အလိုရှိသော အာဟာရဓာတ်စုံပါဝင်သည့်အပြင် ဩဂဲနစ်ဒြပ်လဲ ပါရှိသဖြင့် မြေ၏ ရူပနှင့် ဓာတုဂုဏ် သတ္တိလည်း ကောင်းမွန်စေသည်။ သစ်စိမ်းမြေဩဇာကဲ့သို့ မြေတွင်ချပေးလျှင် စောင့်မနေရတော့ဘဲ သီးနှံပင်များ တိုက်ရိုက်စိုက်ပျိုးနိုင်သည်။
(ဆက်ရန်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဝင်းခိုင်
လွန်ခဲ့သော ၄ နှစ် ကမှန်ပါတယ်အကိုကြီးရေ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026